ဒဏ်ရာတွေ ဗလပွနဲ့ မချိမဆန့်
နာကျင်ငြီးတွားနေရပေမယ့်
အားရှိသလောက်လေး
မင်းအတွက် ငါပြုံးကြည့်ချင်သေးတယ်
ချစ်တယ်ဆိုတာ တစ်ကယ်တော့ အပြောလွယ်သလောက်
ခံစားရတာက မချိမဆန့်ရယ်ပါ
သောကတွေအပေါ်က အပြုံးတုတွေနဲ့ပဲ
အခါတလဲလဲ မလုံ့တလုံဖုံးဖိနေရတာ
ကြာလာတော့ အချစ်ဆိုတာကို စိတ်ကုန်လာတယ်
ဗလောင်ဆူနေတဲ့ ရင်ခွင်တစ်ခုလုံးကို
သွန်လိုသွန်မှောက်လိုမှောက်လို့
မင်းလက်ထဲ အပြီးအပ်လိုက်ချင်မိခါမှ
မင်းက လူသတ်သမားအပြုံးမျိုးနဲ့
ခပ်ယဲ့ယဲ့ ပြန်ပြုံးပြလိုက်တာကို
မြင်လိုက်တဲ့ တစ်ခဏလေးမှာ
ငါမှင်တက်မိသွားတဲ့ ယုန်တစ်ကောင်လို
ယောင်လည်လည်နဲ့ အတိတ်မေ့ချင်သွားတယ် ..
နာကျင်နေပေမယ့် ငါ မငြီးတွားချင်ဘူး
လူကြားကောင်းအောင် အော်ဟစ်ငြီးတွားနေမယ့်အစား
ငြိမ်ငြိမ်လေးနဲ့ ကြိတ်မှိတ်နာကျင်နေရတာကို
ငါပိုခုံမင်တယ် ....
ငါမင်းအတွက် အဖိုးမဖြတ်နိုင်တဲ့
အချစ်တွေနဲ့ပြည့်နေတဲ့ ငါ့ဘ၀တစ်ခုလုံးကို
ပေးလိုက်ရပေမယ့်
ရလိုက်တာက ယိုင်နဲ့နေတဲ့အပြုံးတစ်ခုလေ
ဒါပေမယ့် ငါကြေနပ်ပါတယ်
ဒီလို ဒသနဆန်တဲ့ ဒဏ်ရာတစ်ချို့
မင်းဆီကနေ ရလိုက်မိလို့ပေါ.
ယောင်တောင်ပေါင်တောင်နဲ့
အချစ်နယ်ပယ် တစ်စွန်းတစ်စကို
စပြီးခြေလှမ်းလိုက်တာနဲ့တောင်
ဒီလောက်အထိ မွန်းကြပ်မှုတွေနဲ့
ပြွတ်သိပ်နေရင်
ကြာလာရင် လမ်းပျောက်မှုတွေနဲ့ငါလမ်းမှောက်တော့မယ် ထင်တယ် ....
No comments:
Post a Comment