Tuesday, May 29, 2012

ငါဆိုတဲ့ငါ

ငါဆိုတဲ့ငါ
 
 
ဟိုးအမြင့်ဆုံးကိုရောက်ဖူးတယ် ။
 ဟိုးအနိမ့်ဆုံးကို ရောက်သွားတယ်။
ဒါ ငရဲများလား...။
အချစ်ဆိုတာကို ခံစားဖူးတယ်။
အိမ်မက်များလား...။
ဘ၀တစ်ခုကို တည်ထောင်နေတယ်။
စိတ်ကူးယဉ်မိတာလား....။
တကယ်တော့လည်းလေ
နတ်ပြည်ရော . ငရဲရော . 
အိမ်မက်ရော . စိတ်ကူးရော
 အချစ်ရော။
အရာအာလုံး ..
ငါဆိုတဲ့ ငါ အတွက်တော့.....။။

ချစ်သူရေးတဲ့ ကျွန်တော့အတွက်ကဗျာ

ကြိုးစားမှု

ဘာနဲံမှ အစားထိုးမရတဲ့ ဆုံးရှုံးမှု

ဘာနဲ့မှ ကုစားမရတဲ့ ဝေသနာ

ဘယ်လိုမှ ပြင်လို့မရတော့တဲ့ အမှား

ဘယ်လိုမှ သတ်လို့မသေတဲ့ သစ်ပင်

ဘယ်လောက်သွားသွား ဝေးဝေးမရောက်တဲ့ ခြေလှမ်း

ဘယ်တော့မှ ဆုံမှတ်မရှိတဲ့ ဘ၀နှစ်ခု

ဘယ်တော့မှ ပြန်မရတော့တဲ့ ခံစားမှု

ဘယ်လိုကြိုးစားကြိုးစား မေ့မရတဲ့ အတိတ်

ငါဆိုတဲ့ ငါ
(ချစ်သူက အဆုံးသတ်မထားလို့ပါဗျာ) 

(သူအဆုံးမသတ်ခဲ့တဲ့ ကဗျာလေးကိုကျွန်တော်ပဲ အဆုံးသတ်လိုက်ပါတယ်)


(ဘယ်လိုပဲ စည်းတွေခြားခြား ငါ့မြို့ရိုးက ခုချိန်ထိ တံခါးမရှိသေးဘူး ကြဖြူ)

Monday, May 28, 2012

လမ်း

လမ်း


လရောင်တစ်ခုတစ်လေတောင်
ဖူးပွင့်ခွင့်မရှိတဲ့ ညပါ
ကိုယ့်ကိုယ်ကို ပြန်ကြည့်ရတာကိုက
ကြယ်တစ်စင်း ကြွေကျသွားသလိုမျိုး
အိမ်မက်တွေ အံချော်လို့
ပိုးမွှားတွေ ပျော်တဲ့လေထုထဲ
အသက်တစ်ခါရှုဖို့
သက်ပြင်းတစ်ခါ ခြွေရတယ်..။
ထီးကျိုး စည်ပေါက် မာနတစ်ခုနဲ
ဘ၀က ကြယ်ပျောက် လပျောက်
ကိုယ်တိုင်ဖောက်တဲ့ လမ်းမှာ
နောက်ကျကျန်ခဲ့တဲ့ ခြေတစ်စုံအတွက်
ဒီခရီးက နီးသလား….။
ထားပါ…
မသွားပဲ ရောက်နှင့်သူတွေကြား
သွားလျှက်မရောက်ခဲ့တာတော့
ဘာတက်နိုင်မလဲ
ကိုယ့်ကိုယ်ကို ပန်းတစ်ပွင့်အဖြစ် ဖန်ဆင်း
လူမသိ သူမသိ
ကြွေဆင်းပစ်လိုက်ရုံပဲပေါ့…..။

အသွင်မမှီတဲ့ ပန်း

ဝမ်းနဲ့ မလွယ်ခဲ့ရပေမဲ့
ပန်းတွေနဲ့ခင်း ရနံ့တွေသင်းပြီး
အဆင်းလှတာကို
ငါ........တွေ့မြင်ချင်တာပါ.......။

မိထွေးဆိုပြီး 
အလေးမထား
တလေးတစား လက်မခံတော့
မနက်ဖြန်တိုင်းမှာ
ငါ..........
ဘယ်လိုခေါင်းမော့မလဲ.....?

အမေအောတာ အခါများပေမဲ့
မိတွေးရဲ့ ဟောက်မာန်
အသံကြားရုံပင်
မင်းဘ၀မှာပုတ်သိုး
ရုပ်ဆိုးလို့ အကျည်းတန်
ဒေါသတွေ ထန်နေတာ
မြင်မိပါတယ်ကွာ.........။

ဒါ.............
မကောင်းဘူးဆို
အရူးအမူးစွဲ လက်တွ့မဖြုတ်
ဒီအရှုပ်ကို မလုပ်ဖို့အရေး
အမေမဟုတ်တဲ့ မိထွေး
ငါ
ဘယ်လို အမိန့်ပေးရမလဲကွယ်......။

ပ+ဒု ဆိုတာ
လုယူလို့ ရတာမဟုတ်ပါဘူး။
အလျားအနံ မရှိတဲ့ မေတ္တာမှန်သမျှ
အသွားအပြန် ရှိနေတတ်တယ်ဆိုတာ
ဝမ်းမနာ ဒီကလေးအတွက်
ဝမ်းသာစရာအဖြစ်
ပေးဆပ်ချစ်နေတာပါ.....

အမေအဆင့်မမှီတောင်
လေလွင့်နေတဲ့ မင်းတို့ဘ၀ကို
ဆုံးမလို့ပြုပြင်
နင်တို့သာထာဝရ
မြင်တိုင်းလှနေတာပါ။
မိထွေးရဲ့ နှလုံးသားအနာတရကို
အမုန်းတွေနဲ့ ဆေးသိပ်
အိပ်ရေးပျက်ရပြန်ပြီကွယ်
ကလေးရယ်..........။

(ကျွန်းသား-တောင်တွင်း)

 

ရင်ငြိမ်းမိုးရဲ့ ညီမလေး

`အမေ့ကို ကျေးဇူးတင်ပါတယ်… 
အစ်ကိုတစ်ယောက် မွေးဖွားပေးခဲ့လို့´


ဗလာစာအုပ်ရဲ့ ပထမဆုံး 

စာမျက်နှာပေါ်က စာလုံးဝိုင်းဝိုင်းလေးတွေဟာ
 သူ့ရဲ့ ရပ်တည်နိုင်စွမ်းတွေကို အလဲထိုးပစ်လိုက်တယ်။
 တုန်ရီပျက်ယွင်းသွားတဲ့ စိတ်တွေနဲ့
 ဆို့တက်လာတဲ့ မျက်ရည်တွေကို  ထိမ်းသိမ်းရင်း 


`ညီမလေးရယ်´လို့သာ ကြေကြေကွဲကွဲ ရေရွတ်နေမိ။
        တကယ်တော့ 

သူဟာ အိပ်မက်တစ်ခုအတွက် 
အိမ်ဝေးလမ်းကို ရွေးချယ်ခဲ့တဲ့ 
အလေအလွင့်ပါ။ အားလုံးကို ကျောခိုင်းရင်း 
ဘယ်ချိန်ပွင့်မှန်း မသိတဲ့ ပန်းကိုမှ 
တိတ်တိတ်လေး စိုက်ပျိုးခဲ့သူပေါ့။
        

ကိုယ်ယုံကြည်ရာ အိပ်မက်တစ်ခုအတွက် 
အစွမ်းကုန် လောင်ကျွမ်းခဲ့ပါတယ်။ 
ဒါပေမယ့်
အာင်မြင်မှုဟာ ဘယ်တုန်းကမှ 
သူ့ဆိပ်ကမ်းကို ကပ်ရောက်မလာခဲ့ပါဘူး။
 သူ့လိပ်စာနဲ့ အတိအကျရောက်ရှိလာတဲ့
ဒုက္ခတွေကိုသာ ဧည့်ခံရင်း 
အရပ်ရှစ်မျက်နှာမှာ
 လောကဓံတရားနဲ့ 
အကျွမ်းဝင်ခဲ့တယ်။ 
စွတ်စိုထိုင်းမှိုင်းလွန်းသော 
အခန်းကျဉ်းလေးထဲ အိမ်လွမ်းတေးတွေ 
ထပ်ကာထပ်ကာ ဆိုညည်းမိခဲ့။ 
ဘာပဲဖြစ်ဖြစ်
နာက်မဆုတ်ဘူး´ လို့ မာနတရားနဲ့ 
အားတင်းလိုက်တိုင်း အိမ်ဝေးညဟာ
 ပိုမို ရှည်လျှားလာခဲ့။
       


မှာင်မိုက်လွန်းသော ညတစ်ညမှာ 
သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့ 
အမေ့ရဲ့ နောက်ဆုံးရက်တွေမှာ 
သူရှိမနေနိုင်ခဲ့သလို ညီမလေးရဲ့
 ဖြူစင်တဲ့ အပြုံးနုနုလေးတွေကို
 ပြန်လည်တွေ့ရှိလိုက်ရပေါ့။
        


ညီမလေးဟာ သူ့ကို `ယုန်ဖြူ´ 
လို့ခေါ်တိုင်း နှုတ်ခမ်းရဲရဲလေးတွေနဲ့
 ကျေကျေနပ်နပ် ပြုံးနေတက်သူပါ။ 
ညီမလေးဟာ နား.နားကို ကပ်ပြီး 
တိုးတိုးလေး မုန့်ဖိုးတောင်းတက်သူပါ။
ညီမလေးဟာ ထမင်းစားတိုင်း 
လူကို အကြောင်ရိုက်ပြီး ဟင်းလုစားတက်သူပါ။
        


ဒီညီမလေးရယ်လေ…. 
သူ့ရဲ့ အမေ့လျှော့ခံ နှစ်များမှာ
 ရယ်သံတွေ ပိုပြီးချိုမြနေမလား…..။
 ကျောင်းသွား၊ ကျောင်းပြန်လမ်းတွေမှာ 
အစ်ကိုတစ်ယောက်ကို ရှာဖွေနေမလား…..။ 
သူငယ်ချင်းတွေကြား အစ်ကိုလို့ ခေါ်သံကြားတိုင်း 
မျက်ရည်တွေ ရစ်ဝိုင်းနေမလား…။ 
မိသားစု ထမင်းဝိုင်းလေးမှာ 
လစ်ဟာသွားတဲ့ နေရာတွေအတွက်
ဆွးဆွေးမြေ့မြေ့ ကြေကွဲနေမလား…..။
       


 တကယ်တော့ 
သူဟာ ကလေးငယ်တစ်ယောက်အတွက် 
အစ်ကို့လက်ကို ဆုပ်ကိုင်ငိုကြွေးခွင့်တောင် 
မပေးခဲ့မိသူပါ။ 
သူ့ရဲ့ တစ်ကိုယ်ရေ အတ္တတွေက 
အချိန်ကာလကို တိုက်စားသွားခဲ့ပြီ။ အခုတော့…..
 


ညီမလေးရ…
ညီမလေးအတွက်

ကျာပိုးအိပ်လေး ၀ယ်ပေးမယ်…။
ညီမလေးအတွက်

ကြယ်ကလေးတွေ ခေါက်ပေးမယ်။
ညီမလေးနဲ့ သီချင်းအတူ ဆိုကြမယ်…..

ကဗျာ အတူ ရွတ်ကြမယ်…။
ညီမလေးနဲ့…………။
အိပ်မက်က လန့်နိုးလာသူလို 

ဂယောင်ဂတန်းနဲ့ အိမ်ပြန်လမ်းကိုဆီ..။ 
စွန်းထင်းခဲ့တဲ့ နောင်တတွေနဲ့ 
သူ အိမ်ပြန်ရောက်ချိန်မှာ 
ညီမလေးရဲ့ လက်ရေးလေးတွေလေ…
   


`အမေ့ကို ကျေးဇူးတင်ပါတယ်…
    အစ်ကိုတစ်ယောက် မွေးဖွားပေးခဲ့လို့´တဲ့။
                                                                                     (ရင်ငြိမ်းမိုး)

ရင်ကိုငြိတဲ့ ကြိုး (တာရာမင်းဝေ)

(တာရာမင်းဝေ)
.................
.................
 ငါ့ဆီ ငါပြန်ရောက်ပါတော့မလား
မြေပုံကြမ်း ကြည့်ပြီး
လှမ်းလျှောက်နေရတာ......မောလှပြီ၊၊

ငါ့ကို ယုံပါ၊၊
ငါဟာ....
လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ၊၊

ငါ.....မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ....
ငါ့ကို......ယုံပါ ၊၊

လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ယုံပါ ၊၊

(ဖိနပ် မစီးထားတဲ့ ကလေးငယ်လိုပဲ.....
 ဘယ်သူကမှ...
 အိမ်ထဲဝင်ဖို့ ငါ့ကို မဖိတ်ချင်ကြဘူး....)

လက်တစ်ဖက်နဲ့
ခေါ်လို့မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့လှမ်းခေါ်တော့လည်း
အရာမထင်ဘူး ၊၊

ငါ......တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီးကို နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ.......၊၊   ၊၊

တာရာမင်းဝေ ရဲ့ကဗျာလေးပါ။ မွန်းကျပ်တဲ့ ပစ္စုပ္ပန် ရဲ့ ထွက်ပေါက်ဖြစ်ပြီး လွတ်မြောက်ရာရဲ့ ၀င်ပေါက်ပေါ့....

လွန်လေပြီးသော (ရင်ငြိမ်းမိုး)

လွန်လေပြီးသော


ရေးလက်စ ကဗျာလေးထဲကနေ
လေယာဉ်ပျံကြီး စီး ထွက်သွားလိုက်တာ
မကြာပါဘူးလို့ ပြောခဲ့တာတောင်
ကြာခဲ့ပြီ...
ဒီကြာ ညောင်းလှတဲ့ ကာလကြီးထဲ
ငါ့ ရင်ဘတ်ဟာ မီးခိုးငွေ့ တစ်အူအူနဲ့
စက်ရုံကြီး တစ်ရုံ ဖြစ်ခဲ့ရ
ကောဖီတွေ အပြေးအလွှား သောက်ရင်း
လုပ်သားကောင်း တစ်ယောက်ဖြစ်ခဲ့ရ
ဈေးကွက် စနစ်ကို မသိဘဲ
ကဗျာတွေထုပ်လုပ်ခွင့်ရ
မိုးမျှော်တိုက်ကြီးတွေ မြင်တိုင်း
မိုးကို မျှော်မျှော်ကြည့်ခဲ့ရ
လေယာဉ် တစ်စီး တစ်လေမှတောင်
ဆိပ်ကပ်ခွင့်မရသူ ဆိပ်ကမ်းမှာ
သွေးရိုင်းတွေ ညို့ညို့လာတိုင်း
လွမ်းစိတ်နဲ့ဖြေဖြောက်ရတယ်...
ကောင်မလေးရေ
ခြင်္သေ့ တစ်ပိုင်း ငါးတစ်ပိုင်း သတ္တ၀ါ ကြီးက
လုပ်ထွေးရေတွေ ထွေးထွေး ချတိုင်း
ငါမှာ....
သစ္စာ ပန်းတွေ စိုက်ပျိုးလာလိုက်တာ
ခုဆို
တစ်တောလုံး တစ်တောင်လုံး ဖွေးဖွေးလှုပ်ပေါ့......။


(ရင်ငြိမ်းမိုး)

မီးတောက်ရစ်သမ်


(၁)
အခုလို
လှပအေးစက်နေတဲ့ညမှာပဲ
ငါပျိုးထားတဲ့မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီးကြွေကျသွားခဲ့တယ်။
တိမ်လွှာမျဉ်းကောင်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေစိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။
''ချစ်ခြင်းမေတ္တာ'' ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုန်းလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလားလို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။
လူငယ်တစ်ယောက်ကိုပြုစားဖို့
နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလဲ
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ။
လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ် ဆိုတာ
သီချင်းလေးတွေတိုတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ
သိုးကျောင်းသားရဲ့ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့သတိရခြင်းမျိုးက
ငါ့ကိုဆီးမိုးထားတယ်။
စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့မျက်ဝန်းစိမ်းလဲ့မှာ
ငါဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာတစ်ပိုင်းတစ်စရှိနေလေရဲ့။
အဲဒီလိုနဲ့ပဲ
ငါပြန်လည်ချည်နှောင်ခဲ့ပါမယ်
ချစ်သော..ဖဲကြိုးဝါကလေးရယ်
(လက်နက်မပါဘဲ
ဏစ်ဝင်္ကပါမှာ ငါမတိုက်ရဲဘူး)
ညံ့တယ်လို့ပဲ
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့။
လျှပ်စစ်မျှင်တန်းလို့
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ
ခုရထားတို့ ဥသြဆွဲလိုက်ကြပြီ
''ပြီးဆုံးသွားပါပြီ
အားလုံးပြီးဆုံးသွားပါပြီ'' တဲ့။
(၂)
အရှေ့ လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ငါတို့ရဲက မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်။
ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။
ထိပ်ထားရယ်..
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်။
ငါကဆပ်ပြာပူဖောင်းကိုခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူမဟုတ်ခဲ့၊
ဒါပေမယ့်
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
''သစ္စာ'' ကိုပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ။
ငါ့ကိုသတ်ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။
ဝိုင်ယာကြိုးတွေ
''ထောင်း''ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင် အတိကျသွားတဲ့
''အန္ဓ'' တို့ရဲ့ အိမ်အိုမှာ
တေလေပီသစွာ ငါနေတယ်။
တိတ်ဆိတ်ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
''...'' ကိုချစ်တယ်လို့
ဘယ်ဆီဘယ်ဝယ် ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ။
''အုံ့ပုံးချစ်'' သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲလို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက
ငါ့ကိုပြောပြတယ်။
အဲဒီလိုနဲ့
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုးတုန်းကလိုပဲ
ငါ့ဆီမှာ မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ။
(၃)
''လူဆိုတာ
လင်းဝေစိမ်းမြတဲ့ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ည ကို..ပိုသတိရတတ်တယ်''
ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ်စိုက်ပေးထားပါ။
တကယ်တော့ အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။
ဟိုးငယ်ငယ်ကျောင်မပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။
ငါသတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်နှစ်သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ။
ကြောက်မက်ဖွယ်ရာလူတွေရဲ့
မဟာဘုန်ဗေဒင်ထဲမှာမှ
ငါကလည်း ''အဓိပတိဘွား'' ဖြစ်ချင်ခဲ့တာကိုး။
အိမ်အပြန် ညများစွာမှာ
ဘယ်သူမှ မပြောချင်တဲ့ စကားတွေပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် ''လူမိုက်'' လို့ပြန်ခေါ်ခဲ့ရတယ်။
၁၉၉၃...၁၉၉၄...
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ်လဲကျနေတယ်။
နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ..ညများ
ပိတောက်ပိုင်းဖျားမှာ..၀ပ်တွားစုရုံး
ငါ့ကို..ချည်ထုံးခဲ့တာ..
(ခုအချိန်တိုင်အောင်..
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။
(၄)
မြို့ပြင် လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယားကင်ဆာ၊အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့ကြေညာချက်ကတော့
နင့်ကိုထာဝရ ချစ်နေမယ်ဆိုတာပါပဲ။
ထိပ်ထားရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္ထ၀င်ပန်းပုရပုဒ်မှာ
နန်းသုံးအက္ခရာနဲ့ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်။
နင့်အပေါ်ထားတဲ့ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွားလင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ။
ကျောင်းရှေ့ကစံပယ်ရုံမှာ
ဗီးနပ်စ် ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ
လမင်းကလေးသာခဲ့ဖူးတယ်။
ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာ ကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္တိ
မြရာပင်ကြီးသိပါတယ်။
ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာဝေ ၀ါး
ပညာရှင်ကြီးများရယ်
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ်မဆုံးဖြတ်ပါနဲ့ဦး။
''ချစ်သူကိုတောင်
ချစ်တယ်လို့မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်နေရစ်ခဲ့
ထိုသို့ဖြင့် စကားမဲ့စေသတည်း''
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်းယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်။
ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်သစ္စာ
သြော် ငါ့ကိုလေ..
နားလည်ပါ..နားလည်ပါ..
နားလည်စမ်းပါ။
(၅)
အဲဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ဘယ်ဘက်လက်က
အနက်ရောင်ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကိုစီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့ ''သ'' လို့နေခဲ့ပေါ့။
ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေကပ်ပါနေရဲ့
ငါ..ဘာကိုမှ မကြောက်ခဲ့ဘူး။
ဟောဒီလောက တောက်လျှောက်
''ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုည ကမြတ်တယ်''တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။
''မင်းကကောဘာလဲ''လို့
အနန္တတွေက ၀ိုင်းမေတော့
၁..၂..၃..၄..၅..
၆..၇..၈..၉..ဝ
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက်ဂဏန်းမရှိဘူး။
သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆ၀ိညာဉ်မှာ တင်တဲ့ ကမ္ဗည်း
လကွယ်ညရောက်တိုင်း..ငါ
ဂစ်တာတီးနေမယ်။
ကျဆုံးတော့မဲ့စစ်သူရဲကအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။
ထိပ်ထားရေ
ထိပ်ထားရေ
ထိပ်ထားရေ
သစ်ခုတ်သမားတွေမရှိတဲ့တိုင်းပြည်မှာ
ငါလယ်သမားဖြစ်ချင်တယ်
နင်ဘုရင်မ လာမလုပ်ရဘူးနော်။
တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့်မပါလို့
ရွာဇနပုဒ်နဲ့မိုးရေထဲ
ငါ..တစ်ယောက်တည်း
မျက်ရည်ဝဲ နေရပါဦးမယ်။
ငါကလည်းခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့မေးလာရင်
ဒုတိယအရာကို ငါ..ငြင်းတယ်။
အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်
ကာလများစွာ ကြာပြီကောလေ..။
(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲကအခါ
တောင်ပင်လယ် ကဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။
ဟေး..ငါပြောမယ်
အက်ဆစ် တိမ်ခိုးတို့
မုတ်သုန်ကိုနှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ။
''မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ..''
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ်...။
သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကို စားတဲ့
ချောက်ချားဖွယ်စကားမဲ့ည
တစ်ခြမ်းပဲ့ လ ပဲ ဖြစ်တယ်။
အိမ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက..
မြေကိုရှိခိုး
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။
အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ..မရောက်ရောက်အောင်သွားမယ်။
ပြီးတော့..
ခရိုးခရိုင်..လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်းစာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။
အရက်သမားက
သူတစ်ပါးကိုလွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်။
လေညင်းကလေးရေ
ငါမြတ်နိုးတဲ့ ကမ္ဘာရဲ့ ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ့ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ။
လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ..ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦးနော်။
(ရ)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်..အညတရမိုး..ရေ
နေပါစေတော့..။
အဲဒီညဟာ
တစ်ခြမ်းပဲ လ က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ ည ဖြစ်တယ်။
မြက်ရိုင်းက..
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက..
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ..တို့ဝေးလိုက်ကြပါစို့။
ချစ်သူကိုမြတ်နိုးရုံနဲ့
အရာအရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု..ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်။
တေလေဘ၀ရဲ့
ပထမဆုရအမှာတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ..
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။
ထိတ်ထားရေ
ကချေသည်တို့ရဲ့တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင်ထာဝစဉ် ချမ်းမြေ့စေသား..
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ..
ငါ..ဆုတောင်းပေးနေမယ်..။
ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေဆိုရင်
မင်း..ငါ့ကို မေ့သွားမှာပါ။
ခုတော့..သွားတော့နော်
ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
ဘ၀ ဆိုတဲ့ မာယာနိုင်ငံအိုက
စောင့်ကြိုလို့ နေရော့မယ်..
သာမည လမ်းခွဲမှာ..
ဝမ်းမနည်းသလို ငါတို့ နှုတ်ဆက်
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ..အောင်မြင်ပါစေ..
ထိပ်ထားရေ။
-တာရာမင်းဝေ-

ရင်ငြိမ်းမိုး ရဲ့ ရင်ငြိမ်းမိုး

မိုးထဲရေထဲ
ငါ့ကန္တာရလေး ခြောက်ကပ်နေပုံများ
တံလျှက်တွေတောင် ကခုန်လို့
တစ်လျှောက်လုံး တိုက်ခဲသမျှ
အလံဖြူလေးတောင် ပြခွင့်မရခဲ့
တကယ်ဆို
မဏ္ဍပ်တိုင် တက်ပြခဲ့တာမဟုတ်ပါဘူး
ကိုယ့်ဓားသွားကိုယ် ရိုးရိုးလေး လှပ်ပြခဲ့တာပါ
ဒါကိုပဲ
နေမကွယ်သေးခင် တောင်စွယ်ကိုသွားခဲ့ရ
ဒီဇာတ်လမ်းမှာ
အစွယ်လိုသူလည်း မမှားဘူး
အသွားစေသူလည်း မှန်တယ်
လေးပစ်သူသာ လေးသင့်ရစ်
အနာတရနဲ့ သက္ကရာဇ်မှာ
တိုက်ခိုက်ခွင့်ကိုလဲ ရွေးမယ်
ရူးသွပ်ခွင့်ကိုလဲ ယူမယ်
ကိုယ့်ပင်စည်ကဆူး
ကိုယ့်ကို ပြန်စူးနေမှတော့
ဟောဒီ အဖူးအပွင့်အတွက်
ရဲရဲနီခွင့်ရှိတယ်......။

(ရင်ငြိမ်းမိုး)

Sunday, May 27, 2012

လူငယ့်အားမာန် (မြောင်းမြ) (လူငယ်ပရဟိတအသင်း)

ဒီလူငယ့်အားမာန်(မြောင်းမြ)(လူငယ်ပရဟိတအသင်းလေးကို ရလိုမှုများနေတဲ့ ကမ္ဘာမှာ ပေးချင်တဲ့ အလူငယ်များစုစည်းပြီး(13.4.2012)မှာ စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။ ပရဟိတစိတ်ဓာတ်ရှိတဲ့ သင့်ကို ကြိုဆိုလျှက်ပါ။

လူငယ့်အားမာန် (မြောင်းမြ) (လူငယ်ပရဟိတအသင်း) အဖွဲ့ဝင်များ: နာတာရှည် အလွမ်း

လူငယ့်အားမာန် (မြောင်းမြ) (လူငယ်ပရဟိတအသင်း) အဖွဲ့ဝင်များ: နာတာရှည် အလွမ်း: အတူရှင်သန်နေထိုင်ခွင့်ရပေမဲ့ တကယ်တော့ ဘာမှ မဆိုင်ပါဘူးလေ။ နင်က “လ” ငါက “ကြယ်” ကိုယ့်နယ်ပယ်နဲ့ ကိုယ်ပါ ဒါပေမဲ့လေ အပြီးဆုံးရယ်မဟ...

နာတာရှည် အလွမ်း

အတူရှင်သန်နေထိုင်ခွင့်ရပေမဲ့
တကယ်တော့ ဘာမှ မဆိုင်ပါဘူးလေ။
နင်က “လ” ငါက “ကြယ်” ကိုယ့်နယ်ပယ်နဲ့ ကိုယ်ပါ

ဒါပေမဲ့လေ

အပြီးဆုံးရယ်မဟုတ်တောင်
အနီးဆုံးကြယ်ဖြစ်ချင်တယ်

အိပ်မက်တွေပါပဲ
တစ်သက်မေ့မရတာ မှန်ပေမဲ့
လက်တွေ့ဘ၀နဲ့ မတန်ပါဘူး...

နာတာရှည် ဒီအလွမ်းတွေနဲ့
ပြန်မလာနိုင်ခြင်းတွေမက်တဲ့ အိပ်မက်
ခုတော့
ဝေးခဲ့ပြီပဲလေ............။
 
 
 

လွန်ပွဲ

လွန်..ပွဲ.။
ကိုယ်စီဘောင်ခတ်ထားတဲ့... 
အကြည့်တွေက
ရိုးသားမှုစည်းကို 
မကျော်လွန်ဘူး။ 
ယောင်္ကျားတစ်ယောက်ရဲ့ အတ္တကို အခါခါကြိုးတင်ရင်း
စောင်းကြိုးပျက်ညရဲ့မယ်လိုဒီဟာ
သံစဉ်ခပ်ပျက်ပျက်။ 
မိန်းမတစ်ယောက်ရဲ့မာနကြောင့်
သူ့ရဲ့ဥပေက္ခာတွေ အထပ်ထပ်ရခဲ့တော့..
ဝေးကွာခြင်းအတွက် ကြယ်တွေတောင်မငိုဘူး။။
 ဒါပေမဲ့ ဘယ်သူမှ မသိစေဘဲ ငိုနေတဲ့ .
မျက်ဝန်းတစ်စုံတွေ ....
ရှိနေလေရဲ့.....၊

မျဉ်းပြိုင်များ

ပထမဦးဆုံး
လွဲချော်ခဲ့တဲ့
မြားတစ်ချောင်းကို
အကြောင်းပြုပြီး
ဘယ်တော့မှ
လက်တည့်မှာ 
မဟုတ်တော့ဘူးလို့
ကိုယ့်ကိုယ်ကိုယ် 
အထင်သေးခဲ့ဘူးတယ်

မမှီမဲ့ အတူတူ
မလိုက်တော့ဘူးလို့
ဆုံးဖြတ်ချက်ချခဲ့ပေမဲ့
အမှန်ချမရေးမိခဲ့ဘူး

Saturday, May 26, 2012

အမှား

ကုမုဒြာ အမှတ်နဲ့
မျက်စေ့လည်  “ကျ”  မိတဲ့  “လရောင်”  ပါ။

မြုံနေတဲ့  “ယာ”  တစ်ခင်းဟာ
ဘယ်လိုမှ သီးပွင့်မလာခဲ့ဘူး

ငါရေးနေတဲ့ 
ကဗျာတစ်ပုဒ်လည်း
ဘယ်တော့မှ
အဆုံးမသတ်နိုင်ခဲ့ဘူ....။
(မချစ်တဲ့ ချစ်သူသို့)

ဒြပ်မဲ့ အလင်း

အလွမ်းတွေ 
ငါ့ကိုယ်ငါ 
လောင်ကျွမ်းပြီး
ချစ်သူအတွက်
 အလင်းဖြစ်ပါစေ.....။

ချန်ထားရစ်ခဲ့ပါ
ချစ်သူ နင်းလျှောက်ဖို့လမ်း
ငါ့ အလိုရမ္မက်တွေ ချခင်းထားပါရဲ့.....။

ရိပ်သိမ်းထားပြီးတဲ့
မျှော်လင့်မှုတွေ အတွက်
တစ်ဘ၀လုံးစာ
မိုးမှောင်ချခဲ့ရတဲ့ ရာသီဥတု
ချစ်သူတော့ 
အေးအေးလူလူ 
ဖူးသစ်ပါစေ.....။

ဒီလိုနဲ့
အသံမပါတဲ့ သီချင်းအတွက်
ချစ်သူရဲ့ စိတ်ပျက်သံဟာ
ငါ့ နှလုံးသားကို 
ကျကွဲစေတယ်
ဇာတ်ရံတစ်ယောက်ပေမဲ့
ဇာတ်နာအောင်
သေပေးရတဲ့ နိဒါန်းလို
ပါးလှပ်လွန်းလှပါရဲ့ကွယ်.........။

ဒီလိုနဲ့
အလွမ်းတွေက 
ငါ့ကို လောင်ကြွမ်းပြီး
မင်းအတွက်
အလင်း စစ်စစ် ဖြစ်ပါစေ ချစ်သူရယ်.....။

လွန်......ပွဲ

ကြွေသက်မှာတထိတ်ထိတ်စောလို့မို့... 
ရွှေရွက်လွှာတိတ်တဆိတ်မောရအောင်ကွယ်၊
 ဥသြတွေက တွန်လှပြီ။
 နွေအကူးပေမို့ လေအရူးရယ်က.. 
ပွေလူးကာဟိုသည်ခတ်ပြန်တော့.
မကြာမီ သာကီနတ်ကယ်နဲ့ ကွဲလေမှာ 
သဲကြွေလှပ်တယ်ကွယ် ဝေးတရပ်စီ။
 စာမေးတွေ ဖြေအပြီးမှာဖြင့်
 ညှာလေးဆွေတစ်ပြေထီးဆီသို့ ရွှေခရီးဖြန့်လို့ချီ။ 
သူကတော့ ဌာနီမို့ပျော်မြူး... 
သူမသိလေဘု့ ပူမိသူကဗျာရှင်မတော့... 
မကြာခင်သက်ကာလျှောပေမဲ့၊ 
ညှာအကြင်ရွက်ဝါမောသလို 
နေ့တွေကို စေ့ရေစောတဲ့ပြင်..
 ဥသြသံညံ မဆိတ်လေတော့..
သည်းမရွှင် ထဲရင်ကထိတ်ပါဘိကွယ်... 
ပုန်းတိတ်တိတ်ရူး......

ပင်လယ်

“ပင်လယ်”
ပုဇွန်ဆီရောင် နေလုံးက “ငါ့ကို” နှုတ်ဆက်တယ်....
မကြာခင် သူလည်း
တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာပါ....
မြစ်တစ်စင်းရဲ့ ကွေ့ကောက်တဲ့ အကြည့်တွေကို
“ငါက” မမြင်ချင်ယောင် ဆောင်နေတယ်....
ဘာဖြစ်လို့လဲဆိုတော့
“ငါ့ရဲ့” ပခုံးပေါ်မှာ ကျွန်းတွေ ရှိနေတာကိုး....
“ငါက” ကြည်လင်တယ်
နောင်လည်း နက်နက်ရှိုင်းရှိုင်း
ရှိနေအုံးမှာပါ......

အရှင်တေဇာနန္ဒ (သင်တန်းတာဝန်ခံ) (မိန့်ခွန်းပြောနေစဉ်)










မှော်ဆရာရဲ့ သတို့သမီး

အရောင်မဆိုးတဲ့ ရိုးသားမှုတစ်ချို့ကို
မှောင်မိုက်တဲ့ နွေရာသီတွေအထိ
ရွက်လွှင့်ခိုင်းခဲ့တယ် ......
အိပ်မက်တွေသာ

စကားပြောတတ်မယ်ဆိုရင်
မနက်ဖြန်တွေကို တံခါးပိတ်လိုက်ချင်တယ် ......
တိမ်တိုက်တွေ မငိုကြွေးတတ်ပေမယ့်

မိုးစက်တွေကို တေးဆိုတတ်စေဖို့
သူတို့.....သင်ကြားပေးခဲ့ကြတယ် .....

ခေါင်းစဉ်မရှိတဲ့ ရင်ခုန်သံတွေကို
ပန်းပင်လေးတစ်ပင်လို ပေါင်းသင်းနေတယ် ....

ဘာပဲဖြစ်ဖြစ်..... သတို့သမီးရေ ......
ကြယ်စင်တွေ ခရီးမထွက်ခင် အချိန်ထိ
အတူတူ ရှိနေခွင့်ပြုပါ......

မပြီးဆုံးသေးတဲ့ ပန်ချီကား

ယိမ်းထိုးနေတဲ့ စိတ်ကူးတစ်ချို့လေ
ခါးသက်သက် လောကကြီးကိုဟားတိုက်ပြီး
မွန်းကြပ်မှုဆိုတဲ့ စုပ်တံတစ်ချောင်းနဲ့
လွမ်းဆွေးမှုဆိုတဲ့ ရောင်စုံဆးခွက်ထဲမှာစိမ်ပြီး
ဝေဒနာဆိုတဲ့ မှိုင်းပြပြပန်းချီကားတစ်ချပ်ကို
တုန်ရီနေတဲ့ ငါ့နှလုံးသားတစ်စုံရဲ့
လမ်းညွှန်မှုအောက်မှာ
ခပ်ကြမ်းကြမ်းရေးဆွဲခဲ့မိတယ် xxxxx

ငါ့မျက်ဝန်းတစ်စုံရဲ့ရှေ့မှာ
ရေကာတာတစ်ခု ကာထားတဲ့ကြားက
လေးလံနေတဲ့ မျက်ခွံတွေကို ပင့်တင်ရင်း
မသဲကွဲတဲ့ အမြင်အာရုံတစ်ချို့နဲ့
ငါအားတင်းပြီး ကြည့်လိုက်မိတယ်.
ဒါပေမယ့်ဝါးတားတားရယ်ပါ ..........။

တိမ်ဝင်နေတဲ့ ကွဲအက်အက်အသံတစ်ချို့
မပီသတဲ့ အပြုံးတုတစ်ခုကိုတပ်ပြီး
လှောင်ရီနေတဲ့ မင်းမျက်ဝန်းရှေ့မှာ
ေ၀၀ါးနေတဲ့အကြည့်အကြည့်နဲ့
အားတင်းပြီးပြောလိုက်တာက
မင်းအတွက်ဆို အမြဲတမ်းခွင့်လွှတ်ပြီးသားပါတဲ့......။

ငါ့ခေါင်းပေါ်ကို ကျနေတာက
အေးစိမ့်စိမ့် ရေတစ်စက်ဆိုပေမယ့်
ကျတဲ့နေရာက
တစ်နေရာတည်းကိုပဲ ထပ်ခါတစ်လဲလဲလေ
မင်းပြောတော့ အေးမြဖို့အတွက်တဲ့
ငါ့အတွက်တော့ ရေကျသံကြားရင်ကို
ခေါင်းတစ်ခုလုံး ကွဲထွက်တော့မတတ် ခံစားနေရတယ်
မင်းခံစားကြည့်ပါ ဒီရေတစ်ပေါက်ရဲ့
အစွန်းရောက်တဲ့ ထိရောက်မှုတစ်ချို့ကို .........။

အရှုံးပေးပါပြီဆိုမှ
ဒူးထောက်ခိုင်းတယ် ..
ဒူးထောက်တယ်ဆိုမှ
လက်မြှောက်ခိုင်းတယ် ..
ဒါကိုတောင်မင်းဖက်က တရားတယ်တဲ့လား???
အားနွဲ့တယ်တဲ့လား ???

ငါးဆုံးဖြတ်လိုက်ပါပြီ
ဘယ်တော့မှ ဒီမှုန်ဝါးဝါး ပီချီကားကို
အဆုံးမသတ်တော့ဘူးလို့...........။

ဒဏ်ရာ

ဒဏ်ရာတွေ ဗလပွနဲ့ မချိမဆန့်
နာကျင်ငြီးတွားနေရပေမယ့်
အားရှိသလောက်လေး
မင်းအတွက် ငါပြုံးကြည့်ချင်သေးတယ်

ချစ်တယ်ဆိုတာ တစ်ကယ်တော့ အပြောလွယ်သလောက်
ခံစားရတာက မချိမဆန့်ရယ်ပါ

သောကတွေအပေါ်က အပြုံးတုတွေနဲ့ပဲ
အခါတလဲလဲ မလုံ့တလုံဖုံးဖိနေရတာ
ကြာလာတော့ အချစ်ဆိုတာကို စိတ်ကုန်လာတယ်

ဗလောင်ဆူနေတဲ့ ရင်ခွင်တစ်ခုလုံးကို
သွန်လိုသွန်မှောက်လိုမှောက်လို့
မင်းလက်ထဲ အပြီးအပ်လိုက်ချင်မိခါမှ
မင်းက လူသတ်သမားအပြုံးမျိုးနဲ့
ခပ်ယဲ့ယဲ့ ပြန်ပြုံးပြလိုက်တာကို
မြင်လိုက်တဲ့ တစ်ခဏလေးမှာ
ငါမှင်တက်မိသွားတဲ့ ယုန်တစ်ကောင်လို
ယောင်လည်လည်နဲ့ အတိတ်မေ့ချင်သွားတယ် ..

နာကျင်နေပေမယ့် ငါ မငြီးတွားချင်ဘူး
လူကြားကောင်းအောင် အော်ဟစ်ငြီးတွားနေမယ့်အစား
ငြိမ်ငြိမ်လေးနဲ့ ကြိတ်မှိတ်နာကျင်နေရတာကို
ငါပိုခုံမင်တယ် ....

ငါမင်းအတွက် အဖိုးမဖြတ်နိုင်တဲ့
အချစ်တွေနဲ့ပြည့်နေတဲ့ ငါ့ဘ၀တစ်ခုလုံးကို
ပေးလိုက်ရပေမယ့်
ရလိုက်တာက ယိုင်နဲ့နေတဲ့အပြုံးတစ်ခုလေ
ဒါပေမယ့် ငါကြေနပ်ပါတယ်
ဒီလို ဒသနဆန်တဲ့ ဒဏ်ရာတစ်ချို့
မင်းဆီကနေ ရလိုက်မိလို့ပေါ.

ယောင်တောင်ပေါင်တောင်နဲ့
အချစ်နယ်ပယ် တစ်စွန်းတစ်စကို
စပြီးခြေလှမ်းလိုက်တာနဲ့တောင်
ဒီလောက်အထိ မွန်းကြပ်မှုတွေနဲ့
ပြွတ်သိပ်နေရင်
ကြာလာရင် လမ်းပျောက်မှုတွေနဲ့ငါလမ်းမှောက်တော့မယ် ထင်တယ် ....

အပိုဆု

နာကျင်စွာနဲ့ ကြင်နာမိတဲ့အခါ
မှန်ရာကိုပဲ ဆိုပါရစေ .. ငါကြာကြာမညာနိုင်တော့လို့ပါ
ဒဏ်ရာဆိုတာ အမြဲနာကျင်စရာမဟုတ်ဘူးလေ

ကြင်နာတယ်ဆိုတာ နာကျင်တာတွေကို ဖြေသိပ်ဖို့
အဆုံးတစ်ဖက်မှာ ထည့်ပေးလိုက်တဲ့
အပိုဆုလေးတစ်ခုရယ်ပါ

ဆေးချက်မထင်တဲ့ပန်းချီကားကို
စုတ်ချက်တင်ဖို့
ငါအကြိမ်ကြိမ်ကြိုးစားခဲ့တယ်
ကောင်မလေးရေ
မင်းကိုသတိရမိတဲ့ညတိုင်းမှာ
မင်းကိုပိုချစ်လာတာကလွဲလို့
ဘာမှမပြောင်းလဲခဲ့ပါဘူး
ကော်ဖီခါးခါးတစ်ခွက်ကြောင့်ထက်
မင်းအကြောင်းတွေးမိတဲ့ အတွေးတွေကြောင့်
ငါ့အတွက်အိပ်ပျက်ညတွေဖြစ်လာတာပါ

ငါ့ကို အကြင်နာတွေပေးပြီးမှ
နာကျင်တာတွေထပ်မပေးပါနဲ့
နာကျင်ခြင်းတွေကို ထားဖို့နေရာတွေ
ငါ့နှလုံးသားမှာ နေရာလွတ်မရှိတော့လို့ပါ ...

အခုတော့လဲ ငါ့နှလုံးသားက နာကျင်မှုတွေကိုခံစားဖို့
မောဟိုက်နေပြီလေ
ဘာဖြစ်လို့လဲဆိုတော့ ဝေဆာနေတဲ့
အချစ်ပန်းခင်းတစ်နေရာကို
ရောက်လိုက်လို့လေ ...

အိုအေစစ်

တစ်ချိန်က
မွန်းကြပ်တဲ့မီးလောင်တိုက်အတွင်းကိုလည်း
ငါခဏဆင်းခဲ့ဖူးတယ်

ပြောမပြတတ်တဲ့ သောကအစုံကိုလည်း
ငါခံစားခဲ့ရဖူးတယ်

ဦးတည်ရာမဲ့တဲ့ လှေတစ်စင်းကိုလဲ
ငါတစ်ရှိုက်မက်မက် လှော်ခတ်ခဲ့ဖူးတယ်

တန်ဖိုးရှိတဲ့အချိန်တွေကိုလည်း
ငါဖြုန်းတီးပြစ်ခဲ့ဖူးတယ်

လောကကြီးကို အပေါ်စီးကနေလည်း
ပေစောင်းစောင်း ငါကြည့်ခဲ့ဖူးတယ်

ငါ့ရဲ့နူးညံ့တဲ့ လက်အစုံနဲ့
ဘ၀ဆိုတဲ့ ပန်းပုတစ်စုံကိုလည်း
ငါထုဆစ်ခဲ့ဖူးတယ်

လမ်းပျောက်ကြယ်တစ်ပွင့်လည်း
ငါဖြစ်ခဲ့ဖူးတယ်

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့်
ဒဏ်ရာရကျားတစ်ကောင်လည်း
ငါဖြစ်ခဲ့ဖူးတယ်

တစ်ခါတစ်ခါ ဘ၀ဆိုတာကြီးကို ပြန်စဉ်းစားကြည့်
ဟာတာတာနဲ့ အဓိပ္ပါယ်မဲ့နေသလိုပဲ

အခုတော့ ငါ့ဘ၀လေးဟာ
သဲကန္တာရတစ်နေရာကိုရောက်နေတဲ့လူတစ်ယောက်
အေးမြတဲ့ အိုအေစစ်ဆိုတဲ့နေရာလေးတစ်ခုကို
တွေ့ရာကနေ အာသာငမ်းငမ်း
သောက်သုံးလိုက်ရတဲ့ ရေတစ်ခွက်လိုပါပဲ ...
ရင်ထဲကို ဖော်မပြတတ်တဲ့ အင်အားတွေ
သွေးကြောတွေကနေတစ်ဆင့် စီးဆင်းသွားသလိုမျိုး
ငါခံစားလိုက်ရတယ် ...

တစ်ကယ်ဆိုဒါဟာ အချစ်ဆိုတဲ့အရာလားလို့
ငါဝေခွဲရင်းနဲ့ပဲ ငါ့သွေးတွေ
ကာရံမဲ့အလွမ်းတွေနှင့် အဖော်ပြုနေခဲ့မိတယ်။

ကောင်မလေးသို့

(1)
လိပ်ပြာမသန့်စိတ်....ထက်ဝတ်နဲ့
ပုံသဏ္ဌန်ပျက်...ခွက်တွေထဲမှာ
လိုက်လျောစွာကျနိုင်ရေး အတွက်...
အတင်းအဓမ္မ...အရည်ပျော်ပြရလွန်းလို့...
ပွန်းပဲ့ကုန်တဲ့...သိက္ခာတရားတွေအတွက်..
အရှက်တရားဆိုတာ...
ငါမှာ ...မရှိတော့ဘူးထင်ပါရဲ့....


(၂)
ကောင်မလေး......ရေ..
လျှာပေါ်မြက်..မပေါက်ရေး သီအိုရမ်တွေနဲ့...
လေဟာနယ်မဲ့..အစာအိမ်ကို ဖြည့်တင်းရင်း..
ချဉ်ခြင်းတပ်ခဲ့..မိတဲ့ အနာဂတ်တွေအတွက်..
အရက်ခွက်တွေကို... အဖော်ပြုရင်း...
နီကိုတင်းငွေ့တွေရဲ့...ကြားမှာ..
ငါဟာ...ဟာနေသားကျနေခဲ့...ပါပြီ....။
(3)
ရာသီတွေရဲ့..စီးမျောမှုနောက်မှာ..
နှုတ်ခမ်း..အထက်အောက်ဆီက..အမွေးတွေတောင်..
မြေဖြူရောင်..ဖွာလန်ကျဲ...
အနာဂတ်ထဲမှာလို့...
မကြာမကြာ..ကြွေးကြော်မိပေမဲ့
နုပျိုခြင်းနဲ့ သူငယ်ပြန်ခြင်းတွေ..
ရောထွေးနေတဲ့...ဒီလောက..မှာ
ငါဟာ... ရေမျော ကြယ်တစ်ပွင့်...ဖြစ်ခဲ့ပေါ့....

(4)
လမ်းလျှောက်တက်စတုန်းကတော့
ဒူးခေါင်းက...အမာရွက်တစ်ခု..
လွတ်မြောက်မှု..ဆုတံဆိပ်တဲ့...
(အဖေပြော..ခဲ့တာလေ...)
အရိပ်မဲ့နေ့တွေကို...ဖြတ်သန်းရင်း...
ရင်တွင်းက...အမာရွက်...
အတွေးခေါ်တွေထဲက....အမာရွက်...
.................................အမာရွက်...
...................................အမာရွက်...
ဘာအတွက်ဆုတံဆိပ်တွေလဲ...
မဝေခွဲတတ်တာလဲ...ကြာခဲ့ပေါ့...
ကောင်မလေးရေ.....။
(5)
သဏ္ဌာန်တူပေမဲ့
ထပ်တူမကျတဲ့...အနေအထားဟာ..
ကိုယ်တို့ရဲ့...နှလုံးသားတွေပါကွယ်...
ရှည်လျားတဲ့...ဘ၀အနားစောင်းတွေကို..
ဖြတ်ပစ်ဖို့....အင်အားမရှိသမျှ..
မစ္ဆိယစိတ်တွေသာ....
ကိန်းအောင်းလာတတ်တာလဲ...
ကာလမနဲ့တော့ဘူး...ထင်ပါရဲ့....
(၆)
``ပ´´စောက်ပြောင်းပြန်
မူမမှန်...အပြုံးတွေကြား...
နှလုံးသား...အပိုတစ်ခု...
လိုရမယ်ရ...ထုဆစ်ထားပေမဲ့..
အစစ်ကိုမှ..သုံးတတ်တဲ့..ဗီဇက..
ရောင့်ရဲနေရမဲ့ ..အခြေအနေမှာတောင်..
မျှော်လင့်နေဆဲပဲ...ကောင်မလေး..ရေ...။
(၇).
ကားချပ်နဲ့ဆုံချက်..
စိတ်ပျက်ဖွယ်...သဘောထားကွဲလွဲကြ..
ဘ၀ဆိုတာ..
ဒီလိုပါဘဲ..ကောင်မလေးရယ်...
လင်းလက်မှုမဲ့ ဘ၀ထဲ..
ချော်လဲ..ရောထိုင်ရင်း..
စိတ်ပျက်ခြင်းနဲ့..အဖော်ပြု..
ဘ၀တစ်ခုကို ကျေနပ်လိုက်..တော့မယ်..
ကိုယ်ကို ခွင့်လွှတ်ပါ..လို့ မပြောလိုက်တော့..ဘူး....