Tuesday, June 12, 2012
ကဗျာမဟုတ်တဲ့ ကဗျာ
♥♥♥ ငါကျရှုံးသွားတာ မဟုတ်ဘူး
အရှုံးပေးလိုက်တာ
ငါစွန့်လွှတ်လိုက်တာ မဟုတ်ဘူး
ပေးဆပ်လိုက်တာ
ငါမချစ်လို့ မဟုတ်ဘူး
နင်ပျော်မယ် ထင်လိုပါ
တခါတလေ ချလိုက်တဲ့ သက်ပြင်းတွေထဲမှာ
ပြောမထွက်တဲ့စကားတွေ ပါသွားတတ်တယ်
ဘယ်ဆိုင်ကို မင်းရောက်နေလည်း
ဘယ်သူတွေနဲ့ မင်းသောက်နေလည်း
ဘာတွေနဲ့ မင်းမြည်းနေလည်း
ငါသိပ်ချစ်သလို နင်အရမ်းချစ်မယ် အထင်နဲ့
ငါ့စိတ်နဲ့အတူ နင့်မျက်ဝန်းကိုပါမြင်
သစ္စာတရားတွေ တူညီနေလိမ့်မယ်လို့
ယုံကြည်ခြင်းတွေ အပ်နှံ
ငါ့အချိန်တွေကို နင့်ကြောင့်ပဲ ကုန်ဆုံးစေခဲ့တယ်
ကိုယ့်ဖို့ပဲကိုယ်ကြည့်တာ ဘာကောင်လဲသိလား အဲဒါနွား
မိုးရွာထဲမှာ လမ်းလျှောက်ရတာကိုကြိုက်တယ်
ဒါမှ ငါငိုနေတာကို နင်မသိမှာ
.ငေးငိုင်နေရတာကို ကြိုက်က်တယ်
ဒါမှ ငါသတိရတာကို နင်မသိမှာ
ရယ်မောနေရတာကို ကြိုက်တယ်
ဒါမှ ငါဝမ်းနည်းနေတာကို နင်မသိမှာ ♥♥♥
ပန်းနုရောင်
Saturday, June 9, 2012
သားမိုက်နောင်တ
သန်ခေါင်ယံညရဲ့ 
မြို့ပြလမ်းပေါ်မှာ
တေလေတစ်ယောက်လို
လေနှင်ရာ လွင့်ခဲ့။
ရက်စွဲတစ်ချို့ရဲ့ အမှောင်တွေကြား
နောင်တတွေ ကျောပေးရင်း
အမေ့အိမ်လေးကို 
တစ်ချက်ကလေးမှ သတိမရခဲ့ဘူး.............
အမေပြောသမျှစကားတွေ
တန်ဘိုးရှိပေမဲ့
အဲဒီတုန်းက
ကျွန်တော် နားခါးခဲ့ဘူးတယ်လေ
အမှန်တရားတွေ ခင်းကျင်းပြ
ဘ၀ကို ဂုဏ်မငယ်စေချင်တဲ့ အမေ
လောက အလယ် အသိကြွယ်စေဖို့
အမေ့ပဲပြုတ်တောင်းလေးက
ချွေးမသုတ်နိုင်သေးဘူး............
အမေ..............
နားလည်ခဲ့ပါပြီ
အတောင်ပံတွေ ညောင်းလို့
နားခိုရာ မျှော်ကြည့်မိတော့
အမေ့အိမ်လောက်
ဘယ်လပြည့်ညမှ 
လမပြည့်ကြဘူးလေ အမေ
အခုတော့......
မြို့ပြမီးတွေတောင်
ကျွန်တော့ကို အလင်းမပေးချင်တော့သလို
မေမေရေး......
လမိုက်ညရဲ့ နောင်တတွေနဲ့
သားမိုက်ပြန်လာခဲ့ပြီနော်..........။
Friday, June 8, 2012
အမှန်တရားက ငါတို့လက်တွင်
မမှန်မော်ကြွား ရန်စော်ကားလျှင်
ငါတို့သည်
တရားလည်းဆောင် ဓားလည်း ပြောင်၏။
ငါတို့သည်
တရားလည်းမွေး ဓားလည်းသွေး၏။
တရားတစ်ဘက် ဓားတစ်လက်နှင့်
မှားကွက်ကိုရှာ သင် ငါတို့အား
မတန်တရာ ရန်မစွာနဲ့
တရားလည်းရှိ ဓားလည်းရှိသည့်
ငါတို့သည်
မြန်မာပြည်သားများ ဖြစ်ကြ၏။
ဓာတ်ပုံများ
နေ၀င်ချိန် သူငယ်ချင်း (ဖွဲ့သီသစ်)
သတင်းဆိုးတစ်ခု
လေက ကိုက်ချီလာတယ်။
ငလင်း” ဆုံးပြီတဲ့
လူ့ဘ၀ရဲ့ သုံးချိုး တစ်ချိုးမှာပဲ
မင်းက နေကွယ်ခဲ့
မထင်မှတ်တဲ့ ကံကြမ္မာရဲ့ လက်ပြန်ရိုက်ချက်
အရာရာကို လက်တွေ့ကျချင်တဲ့မင်းက
တို့တစ်တွေကို
အသက်ပေးပြီး သင်္ခန်းစာ ပေးသွားတာလား
သိပ်ချမ်းသာချင်တဲ့ မင်း
တို့လို စိတ်ကူးယဉ်သမားတွေနဲ့
မတွေ့ဖြစ်တော့တာ မဆန်းပါဘူး
ကုန်ကားကြီးနဲ့အတူ
မင်းဘ၀ကို မောင်းထွက်သွားလိုက်တာ (10) နှစ်
ပြန်လာတော့
 ငွေအပြင် ရောဂါအသစ်ပါရလို့
ငါတော့ ဗီဇာကျပြီ သူငယ်ချင်းတဲ့
မင်း “ဟာသ” က 
ငါတို့ကို ၀မ်းနည်းစေတယ်
မင်းနဲ့ မင်းမိသားစုကို လောင်တဲ့မီး
ငါတို့ကိုပါ ကူစက်လို့
မင်းကို အုပ်ဆိုင်းထားတဲ့
မိုးသားအနက်ရောင်မှာ
မင်းမျှော်လင့်အနာဂတ်က
နောက်တစ်ရက် အသက်ရှင်ခွင့်မဟုတ်လား
သေမင်းက မင်းကို ၀ှက်ဖဲ လှန်ပြခဲ့ပြီ
အကြည့်တွေအပေါ် ငြိမနေပါနဲ့တော့ သူငယ်ချင်း
အခုလို အမှန်တရားကို တိုးလျှိုးပေါက် မြင်ရတဲ့အချိန်
ဘ၀တစ်ခုလုံး 
စာအုပ်တစ်အုပ် ပြည့်အောင် မဖတ်တဲ့မင်း
ငါ့ကို
ဘာသာတရာစာအုပ်တွေ မှာလို့
ငွေထက်အရေးကြီးတာတွေ
ရှိပါသေးလား” ဆိုတဲ့ အသိ 
မင်းအတွက် သိပ်နောက်ကျသွားခဲ့ပြီ
အဲဒီပြင်လို့မရတဲ့ အမှားထဲ
ရလိုက်တဲ့ အလင်းလေးနဲ့ပဲ
မင်းဘ၀ကူး ကောင်းပါစေတော့ သူငယ်ချင်းရယ်..............။
(သီဖွဲ့သစ်)
Monday, June 4, 2012
အမေ...........
အမေ.................
ကျွန်တော် မတီးတတ်ဘူး ။
ကျွန်တော် မဆိုတတ်ဘူး  ။
အမြင့်ဆုံး “ကီး” နဲ့
မြင်မိုရ်တောင် တုန်ဟီးသွားအောင် 
အမေ   လို့.................................
မှန်ကန်ခြင်းများ
မှန်ကန်ခြင်းများ
ကိုယ့်ကိုယ်ကိုယ် 
ဒိုင်းနဲ့ ကွယ်ပြီး
သူတစ်ပါးကို 
ဓားနဲ့ ရွယ်တာ 
အဲဒါ
သူရဲကောင်းမဟုတ်ဘူး
ကိုယ့်လူ............။
သူရဲကောင်းဆိုတာ.............။
Sunday, June 3, 2012
လူငယ့်အားမာန် (မြောင်းမြ) (လူငယ်ပရဟိတအသင်းဝင်များစာရင်း)
တတ်အားသမျှ ပေးချင်ကြသူတွေပါဗျာ
လူငယ့်အားမာန် အသင်းဝင် (အရှင်မြတ်များ)
1။ အရှင်ဝိသိဋ္ဌ (ဓမ္မာစရိယ) (အေးမြဖြူစင် သွေးလှူအသင်း)
2။ အရှင်ပညိသရ (သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (န.ပ.သ)
3။ အရှင်တေဇာနန္ဒ (ရင်ငြိမ်းမိုး) (သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (န.ပ.သ)
4။ အရှင်အိန္ဒောဘာသ(သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (န.ပ.သ)
5။ အရှင်တိက္ခာစာရ (ဓမ္မာစရိယ)
6။ အရှင်ခေမိန္ဒ (ဓမ္မာစရိယ)
7။ အရှင်စန္ဒသီရိ (ဓမ္မာစရိယ)
8။ အရှင်ဇီဝက (သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (န.ပ.သ)
9။ အရှင်ဇာဂရ၀ံသ(သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (န.ပ.သ)
10။ အရှင်အဂ္ဂညာဏ (ဓမ္မာစရိယ)
11။ အရှင်တေဇာနန္ဒ (သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) (Dip) (S.I.B.A) (န.ပ.သ)
လူငယ့်အားမာန် အသင်းဝင်(ညီငယ်များ)
12။ မောင်ဇွဲသီဟကျော် (First year Physics)
13။ မောင်ကျော်ဇေယျ (First year Myanmar)
14။ မောင်အောင်မျိုးသက (10 တန်း) 
15။ မောင်သက်နောင်မိုး (10 တန်း)
16။ မောင်ရဲလင်းခန့်(First year Law)
17။ မောင်ဝေယံကျော်ဝင်း (10 တန်း)
18။ မောင်အောင်ခန့်ဝင်း (10 တန်းဖြေ)
19။ မောင်ဇေယျာကျော်လင်း ((First year Physics)
20။ မောင်ပိုင်စိုးသန့် (First year Eco)
21။ မောင်တင်ထူးလတ် (10 တန်းဖြေ)
22။ မောင်ဖြိုးသူရ (10 တန်းဖြေ)
23။ မောင်တင်ထွန်းအောင် (10 တန်းဖြေ)
လူငယ့်အားမာန် အသင်းဝင်(ညီမငယ်များ)
24။ မခင်သီတာအောင် (ဆရာမ)
25။ မသင်းသင်းလတ် (ဆရာမ)
26။ မခင်သန္တာဝင်း (ဆရာမ)
27။ မမြကြာဖြူ
28။ မသန္တာအောင် (First year Myanmar)
29။ မခိုင်ဝေေ၀မွန် B.A (Myanmar)
30။ မတင်ဇာလွင် (First Year Myanmar)
31။ မဇင်ဇင်သက် (Second year Eco)
32။ မခင်စန္ဒာအောင် (Second year Law)
33။ မျမသိဂီၤ (Second year Law)
34။ မဖြိုးဖြိုးစိုးလွင် (First year Law)
35။ မနှင်းစန္ဒာကျော် (10 တန်း)
36။ မစုသက်ဝေ (10 တန်းဖြေ)
37။ မခင်ဇာခြည်ထွန်း (10 တန်းဖြေ)
38။ မသဲစုလှိုင် (10 တန်းဖြေ)
39။ မစုရည်မွန် (10 တန်းဖြေ)
40။ မအိဖြူခိုင် (10 တန်းဖြေ)
41။ မစုစုစံ (10 တန်းဖြေ)
42။ နော်မေလွိုင်ကော်မိုး (10 တန်းဖြေ)
43။ မဖြူနှင်းဝေ (10 တန်းဖြေ)
44။ မသဲစုလှိုင် (10 တန်းဖြေ)
45။ မသူဇာမော် (First year Myanmar)
46။ မချစ်စုဝေ (10 တန်းဖြေ)
47။ မတင့်ရွှေရည် (B.Sc Maths)
48။ မသင်းသီရိခိုင် 9Second year Eco)
49။ မခိုင်ဝေမွန်စိုး (Second year Myanmar)
50။ မအိအိဝင်း (10 တန်းဖြေ)
51။ မဂျုးဝတ်ရည်ထွန်း (Second year Myanmar)
52။ မစုစုခိုင် (10 တန်းဖြေ)
53။ မနှင်းပွင့်ဖြူ B.A (Myanmar)
54။ မသက်သက်စိုး B.A (English)
55။ မခင်မြတ်မော် (Third year Chemistry)
56။ မချိုချိုခိုင် (Third year Eco)
57။ မခိုင်ဇွန်ဆက် ( )
58။ မခိုင်ဇင်စိုး (10 တန်းဖြေ)
59။ မအေးစိုး
60။ မအိဇင်သိန်း (10 တန်း)
61။ မပန်းဖြူမွှေး (10 တန်းဖြေ)
62။ မလွင်မာစိုး
63။ နော်ကူး (10 တန်းဖြေ)
အဆင့်အတန်း
 ခပ်ထုတ်လိုက်တိုင်း
 ဝေ့တက်လာတဲ့ဆီတွေ 
ဂုဏ်အကြောင်းငွေအကြောင်း 
ဟိုအကြောင်း ဒီမပါမဖြစ်... 
နားကိုခါးယူရတဲ့အကြောင်း ........
ဘ၀ကို ဆပ်ကပ်သမားတစ်ယောက်လို 
အသက်စွန့်ပြီး တည်ဆောက်ခဲ့ရတဲ့ကောင်ပါ။
လွယ်အိတ်တစ်လုံးနဲ့ 
ကဲ့ရဲ့ကြည့်တွေထည့်ယူပြီး 
အထင်အမြင်သေးခံခဲ့ရတဲ့ကောင်ပါ။ 
စိတ်ကဒဏ်ရာဗရပွ 
အသက်အရွယ်နဲ့မမျှ 
အပြုံးမပျက်ခဲ့ရတဲ့ဂျစ်ပစီတစ်ယောက်
 ဒီအကြောင်း ဒိုင်ယာရီရေးတိုင်း 
မပါမဖြစ် ကဘာမြေပေါ်မှာ
 ခြေဖ၀ါးနှစ်ခုစာရပ်နေကြသူချင်း အတူတူ ..
ဘယ်သူတွေ လေပိုရှုကြသလဲ၊?
Tuesday, May 29, 2012
ငါဆိုတဲ့ငါ
ငါဆိုတဲ့ငါ
ဟိုးအမြင့်ဆုံးကိုရောက်ဖူးတယ် ။
 ဟိုးအနိမ့်ဆုံးကို ရောက်သွားတယ်။
ဒါ ငရဲများလား...။
အချစ်ဆိုတာကို ခံစားဖူးတယ်။
အိမ်မက်များလား...။
ဘ၀တစ်ခုကို တည်ထောင်နေတယ်။
စိတ်ကူးယဉ်မိတာလား....။
တကယ်တော့လည်းလေ
နတ်ပြည်ရော . ငရဲရော . 
အိမ်မက်ရော . စိတ်ကူးရော
 အချစ်ရော။
အရာအာလုံး ..
ငါဆိုတဲ့ ငါ အတွက်တော့.....။။
ချစ်သူရေးတဲ့ ကျွန်တော့အတွက်ကဗျာ
ကြိုးစားမှု
ဘာနဲံမှ အစားထိုးမရတဲ့ ဆုံးရှုံးမှု
ဘာနဲ့မှ ကုစားမရတဲ့ ဝေသနာ
ဘယ်လိုမှ ပြင်လို့မရတော့တဲ့ အမှား
ဘယ်လိုမှ သတ်လို့မသေတဲ့ သစ်ပင်
ဘယ်လောက်သွားသွား ဝေးဝေးမရောက်တဲ့ ခြေလှမ်း
ဘယ်တော့မှ ဆုံမှတ်မရှိတဲ့ ဘ၀နှစ်ခု
ဘယ်တော့မှ ပြန်မရတော့တဲ့ ခံစားမှု
ဘယ်လိုကြိုးစားကြိုးစား မေ့မရတဲ့ အတိတ်
ငါဆိုတဲ့ ငါ
(ချစ်သူက အဆုံးသတ်မထားလို့ပါဗျာ) 
(သူအဆုံးမသတ်ခဲ့တဲ့ ကဗျာလေးကိုကျွန်တော်ပဲ အဆုံးသတ်လိုက်ပါတယ်)
(ဘယ်လိုပဲ စည်းတွေခြားခြား ငါ့မြို့ရိုးက ခုချိန်ထိ တံခါးမရှိသေးဘူး ကြဖြူ)
Monday, May 28, 2012
လမ်း
လမ်း
လရောင်တစ်ခုတစ်လေတောင်
ဖူးပွင့်ခွင့်မရှိတဲ့ ညပါ
ကိုယ့်ကိုယ်ကို ပြန်ကြည့်ရတာကိုက
ကြယ်တစ်စင်း ကြွေကျသွားသလိုမျိုး
အိမ်မက်တွေ အံချော်လို့
ပိုးမွှားတွေ ပျော်တဲ့လေထုထဲ
အသက်တစ်ခါရှုဖို့
သက်ပြင်းတစ်ခါ ခြွေရတယ်..။
ထီးကျိုး စည်ပေါက် မာနတစ်ခုနဲ
ဘ၀က ကြယ်ပျောက် လပျောက်
ကိုယ်တိုင်ဖောက်တဲ့ လမ်းမှာ
နောက်ကျကျန်ခဲ့တဲ့ ခြေတစ်စုံအတွက်
ဒီခရီးက နီးသလား….။
ထားပါ…
မသွားပဲ ရောက်နှင့်သူတွေကြား
သွားလျှက်မရောက်ခဲ့တာတော့
ဘာတက်နိုင်မလဲ
ကိုယ့်ကိုယ်ကို ပန်းတစ်ပွင့်အဖြစ် ဖန်ဆင်း
လူမသိ သူမသိ
ကြွေဆင်းပစ်လိုက်ရုံပဲပေါ့…..။
အသွင်မမှီတဲ့ ပန်း
ဝမ်းနဲ့ မလွယ်ခဲ့ရပေမဲ့
ပန်းတွေနဲ့ခင်း ရနံ့တွေသင်းပြီး
အဆင်းလှတာကို
ငါ........တွေ့မြင်ချင်တာပါ.......။
မိထွေးဆိုပြီး 
အလေးမထား
တလေးတစား လက်မခံတော့
မနက်ဖြန်တိုင်းမှာ
ငါ..........
ဘယ်လိုခေါင်းမော့မလဲ.....?
အမေအောတာ အခါများပေမဲ့
မိတွေးရဲ့ ဟောက်မာန်
အသံကြားရုံပင်
မင်းဘ၀မှာပုတ်သိုး
ရုပ်ဆိုးလို့ အကျည်းတန်
ဒေါသတွေ ထန်နေတာ
မြင်မိပါတယ်ကွာ.........။
ဒါ.............
မကောင်းဘူးဆို
အရူးအမူးစွဲ လက်တွ့မဖြုတ်
ဒီအရှုပ်ကို မလုပ်ဖို့အရေး
အမေမဟုတ်တဲ့ မိထွေး
ငါ
ဘယ်လို အမိန့်ပေးရမလဲကွယ်......။
ပ+ဒု ဆိုတာ
လုယူလို့ ရတာမဟုတ်ပါဘူး။
အလျားအနံ မရှိတဲ့ မေတ္တာမှန်သမျှ
အသွားအပြန် ရှိနေတတ်တယ်ဆိုတာ
ဝမ်းမနာ ဒီကလေးအတွက်
ဝမ်းသာစရာအဖြစ်
ပေးဆပ်ချစ်နေတာပါ.....
အမေအဆင့်မမှီတောင်
လေလွင့်နေတဲ့ မင်းတို့ဘ၀ကို
ဆုံးမလို့ပြုပြင်
နင်တို့သာထာဝရ
မြင်တိုင်းလှနေတာပါ။
မိထွေးရဲ့ နှလုံးသားအနာတရကို
အမုန်းတွေနဲ့ ဆေးသိပ်
အိပ်ရေးပျက်ရပြန်ပြီကွယ်
ကလေးရယ်..........။
(ကျွန်းသား-တောင်တွင်း)
ရင်ငြိမ်းမိုးရဲ့ ညီမလေး
`အမေ့ကို ကျေးဇူးတင်ပါတယ်… 
အစ်ကိုတစ်ယောက် မွေးဖွားပေးခဲ့လို့´
ဗလာစာအုပ်ရဲ့ ပထမဆုံး 
စာမျက်နှာပေါ်က စာလုံးဝိုင်းဝိုင်းလေးတွေဟာ
 သူ့ရဲ့ ရပ်တည်နိုင်စွမ်းတွေကို အလဲထိုးပစ်လိုက်တယ်။
 တုန်ရီပျက်ယွင်းသွားတဲ့ စိတ်တွေနဲ့
 ဆို့တက်လာတဲ့ မျက်ရည်တွေကို  ထိမ်းသိမ်းရင်း 
`ညီမလေးရယ်´လို့သာ ကြေကြေကွဲကွဲ ရေရွတ်နေမိ။
        တကယ်တော့ 
သူဟာ အိပ်မက်တစ်ခုအတွက် 
အိမ်ဝေးလမ်းကို ရွေးချယ်ခဲ့တဲ့ 
အလေအလွင့်ပါ။ အားလုံးကို ကျောခိုင်းရင်း 
ဘယ်ချိန်ပွင့်မှန်း မသိတဲ့ ပန်းကိုမှ 
တိတ်တိတ်လေး စိုက်ပျိုးခဲ့သူပေါ့။
ကိုယ်ယုံကြည်ရာ အိပ်မက်တစ်ခုအတွက် 
အစွမ်းကုန် လောင်ကျွမ်းခဲ့ပါတယ်။ 
ဒါပေမယ့်
အာင်မြင်မှုဟာ ဘယ်တုန်းကမှ 
သူ့ဆိပ်ကမ်းကို ကပ်ရောက်မလာခဲ့ပါဘူး။
 သူ့လိပ်စာနဲ့ အတိအကျရောက်ရှိလာတဲ့
ဒုက္ခတွေကိုသာ ဧည့်ခံရင်း 
အရပ်ရှစ်မျက်နှာမှာ
 လောကဓံတရားနဲ့ 
အကျွမ်းဝင်ခဲ့တယ်။ 
စွတ်စိုထိုင်းမှိုင်းလွန်းသော 
အခန်းကျဉ်းလေးထဲ အိမ်လွမ်းတေးတွေ 
ထပ်ကာထပ်ကာ ဆိုညည်းမိခဲ့။ 
ဘာပဲဖြစ်ဖြစ်
နာက်မဆုတ်ဘူး´ လို့ မာနတရားနဲ့ 
အားတင်းလိုက်တိုင်း အိမ်ဝေးညဟာ
 ပိုမို ရှည်လျှားလာခဲ့။
မှာင်မိုက်လွန်းသော ညတစ်ညမှာ 
သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့ 
အမေ့ရဲ့ နောက်ဆုံးရက်တွေမှာ 
သူရှိမနေနိုင်ခဲ့သလို ညီမလေးရဲ့
 ဖြူစင်တဲ့ အပြုံးနုနုလေးတွေကို
 ပြန်လည်တွေ့ရှိလိုက်ရပေါ့။
ညီမလေးဟာ သူ့ကို `ယုန်ဖြူ´ 
လို့ခေါ်တိုင်း နှုတ်ခမ်းရဲရဲလေးတွေနဲ့
 ကျေကျေနပ်နပ် ပြုံးနေတက်သူပါ။ 
ညီမလေးဟာ နား.နားကို ကပ်ပြီး 
တိုးတိုးလေး မုန့်ဖိုးတောင်းတက်သူပါ။
ညီမလေးဟာ ထမင်းစားတိုင်း 
လူကို အကြောင်ရိုက်ပြီး ဟင်းလုစားတက်သူပါ။
ဒီညီမလေးရယ်လေ…. 
သူ့ရဲ့ အမေ့လျှော့ခံ နှစ်များမှာ
 ရယ်သံတွေ ပိုပြီးချိုမြနေမလား…..။
 ကျောင်းသွား၊ ကျောင်းပြန်လမ်းတွေမှာ 
အစ်ကိုတစ်ယောက်ကို ရှာဖွေနေမလား…..။ 
သူငယ်ချင်းတွေကြား အစ်ကိုလို့ ခေါ်သံကြားတိုင်း 
မျက်ရည်တွေ ရစ်ဝိုင်းနေမလား…။ 
မိသားစု ထမင်းဝိုင်းလေးမှာ 
လစ်ဟာသွားတဲ့ နေရာတွေအတွက်
ဆွးဆွေးမြေ့မြေ့ ကြေကွဲနေမလား…..။
 တကယ်တော့ 
သူဟာ ကလေးငယ်တစ်ယောက်အတွက် 
အစ်ကို့လက်ကို ဆုပ်ကိုင်ငိုကြွေးခွင့်တောင် 
မပေးခဲ့မိသူပါ။ 
သူ့ရဲ့ တစ်ကိုယ်ရေ အတ္တတွေက 
အချိန်ကာလကို တိုက်စားသွားခဲ့ပြီ။ အခုတော့…..
ညီမလေးရ…
ညီမလေးအတွက်
ကျာပိုးအိပ်လေး ၀ယ်ပေးမယ်…။
ညီမလေးအတွက်
ကြယ်ကလေးတွေ ခေါက်ပေးမယ်။
ညီမလေးနဲ့ သီချင်းအတူ ဆိုကြမယ်…..
ကဗျာ အတူ ရွတ်ကြမယ်…။
ညီမလေးနဲ့…………။
အိပ်မက်က လန့်နိုးလာသူလို 
ဂယောင်ဂတန်းနဲ့ အိမ်ပြန်လမ်းကိုဆီ..။ 
စွန်းထင်းခဲ့တဲ့ နောင်တတွေနဲ့ 
သူ အိမ်ပြန်ရောက်ချိန်မှာ 
ညီမလေးရဲ့ လက်ရေးလေးတွေလေ…
`အမေ့ကို ကျေးဇူးတင်ပါတယ်…
    အစ်ကိုတစ်ယောက် မွေးဖွားပေးခဲ့လို့´တဲ့။
                                                                                     (ရင်ငြိမ်းမိုး)
ရင်ကိုငြိတဲ့ ကြိုး (တာရာမင်းဝေ)
(တာရာမင်းဝေ)
.................
.................
 ငါ့ဆီ ငါပြန်ရောက်ပါတော့မလား
မြေပုံကြမ်း ကြည့်ပြီး
လှမ်းလျှောက်နေရတာ......မောလှပြီ၊၊
ငါ့ကို ယုံပါ၊၊
ငါဟာ....
လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ၊၊
ငါ.....မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ....
ငါ့ကို......ယုံပါ ၊၊
လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ယုံပါ ၊၊
(ဖိနပ် မစီးထားတဲ့ ကလေးငယ်လိုပဲ.....
 ဘယ်သူကမှ...
 အိမ်ထဲဝင်ဖို့ ငါ့ကို မဖိတ်ချင်ကြဘူး....)
လက်တစ်ဖက်နဲ့
ခေါ်လို့မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့လှမ်းခေါ်တော့လည်း
အရာမထင်ဘူး ၊၊
ငါ......တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီးကို နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ.......၊၊   ၊၊
တာရာမင်းဝေ ရဲ့ကဗျာလေးပါ။ မွန်းကျပ်တဲ့ ပစ္စုပ္ပန် ရဲ့ ထွက်ပေါက်ဖြစ်ပြီး လွတ်မြောက်ရာရဲ့ ၀င်ပေါက်ပေါ့....
လွန်လေပြီးသော (ရင်ငြိမ်းမိုး)
လွန်လေပြီးသော
ရေးလက်စ ကဗျာလေးထဲကနေ
လေယာဉ်ပျံကြီး စီး ထွက်သွားလိုက်တာ
မကြာပါဘူးလို့ ပြောခဲ့တာတောင်
ကြာခဲ့ပြီ...
ဒီကြာ ညောင်းလှတဲ့ ကာလကြီးထဲ
ငါ့ ရင်ဘတ်ဟာ မီးခိုးငွေ့ တစ်အူအူနဲ့
စက်ရုံကြီး တစ်ရုံ ဖြစ်ခဲ့ရ
ကောဖီတွေ အပြေးအလွှား သောက်ရင်း
လုပ်သားကောင်း တစ်ယောက်ဖြစ်ခဲ့ရ
ဈေးကွက် စနစ်ကို မသိဘဲ
ကဗျာတွေထုပ်လုပ်ခွင့်ရ
မိုးမျှော်တိုက်ကြီးတွေ မြင်တိုင်း
မိုးကို မျှော်မျှော်ကြည့်ခဲ့ရ
လေယာဉ် တစ်စီး တစ်လေမှတောင်
ဆိပ်ကပ်ခွင့်မရသူ ဆိပ်ကမ်းမှာ
သွေးရိုင်းတွေ ညို့ညို့လာတိုင်း
လွမ်းစိတ်နဲ့ဖြေဖြောက်ရတယ်...
ကောင်မလေးရေ
ခြင်္သေ့ တစ်ပိုင်း ငါးတစ်ပိုင်း သတ္တ၀ါ ကြီးက
လုပ်ထွေးရေတွေ ထွေးထွေး ချတိုင်း
ငါမှာ....
သစ္စာ ပန်းတွေ စိုက်ပျိုးလာလိုက်တာ
ခုဆို
တစ်တောလုံး တစ်တောင်လုံး ဖွေးဖွေးလှုပ်ပေါ့......။
(ရင်ငြိမ်းမိုး)
မီးတောက်ရစ်သမ်
(၁)
အခုလို
လှပအေးစက်နေတဲ့ညမှာပဲ
ငါပျိုးထားတဲ့မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီးကြွေကျသွားခဲ့တယ်။
တိမ်လွှာမျဉ်းကောင်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေစိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။
''ချစ်ခြင်းမေတ္တာ'' ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုန်းလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလားလို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။
လူငယ်တစ်ယောက်ကိုပြုစားဖို့
နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလဲ
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ။
လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ် ဆိုတာ
သီချင်းလေးတွေတိုတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ
သိုးကျောင်းသားရဲ့ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့သတိရခြင်းမျိုးက
ငါ့ကိုဆီးမိုးထားတယ်။
စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့မျက်ဝန်းစိမ်းလဲ့မှာ
ငါဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာတစ်ပိုင်းတစ်စရှိနေလေရဲ့။
အဲဒီလိုနဲ့ပဲ
ငါပြန်လည်ချည်နှောင်ခဲ့ပါမယ်
ချစ်သော..ဖဲကြိုးဝါကလေးရယ်
(လက်နက်မပါဘဲ
ဏစ်ဝင်္ကပါမှာ ငါမတိုက်ရဲဘူး)
ညံ့တယ်လို့ပဲ
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့။
လျှပ်စစ်မျှင်တန်းလို့
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ
ခုရထားတို့ ဥသြဆွဲလိုက်ကြပြီ
''ပြီးဆုံးသွားပါပြီ
အားလုံးပြီးဆုံးသွားပါပြီ'' တဲ့။
(၂)
အရှေ့ လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ငါတို့ရဲက မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်။
ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။
ထိပ်ထားရယ်..
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်။
ငါကဆပ်ပြာပူဖောင်းကိုခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူမဟုတ်ခဲ့၊
ဒါပေမယ့်
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
''သစ္စာ'' ကိုပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ။
ငါ့ကိုသတ်ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။
ဝိုင်ယာကြိုးတွေ
''ထောင်း''ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင် အတိကျသွားတဲ့
''အန္ဓ'' တို့ရဲ့ အိမ်အိုမှာ
တေလေပီသစွာ ငါနေတယ်။
တိတ်ဆိတ်ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
''...'' ကိုချစ်တယ်လို့
ဘယ်ဆီဘယ်ဝယ် ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ။
''အုံ့ပုံးချစ်'' သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲလို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက
ငါ့ကိုပြောပြတယ်။
အဲဒီလိုနဲ့
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုးတုန်းကလိုပဲ
ငါ့ဆီမှာ မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ။
(၃)
''လူဆိုတာ
လင်းဝေစိမ်းမြတဲ့ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ည ကို..ပိုသတိရတတ်တယ်''
ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ်စိုက်ပေးထားပါ။
တကယ်တော့ အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။
ဟိုးငယ်ငယ်ကျောင်မပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။
ငါသတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်နှစ်သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ။
ကြောက်မက်ဖွယ်ရာလူတွေရဲ့
မဟာဘုန်ဗေဒင်ထဲမှာမှ
ငါကလည်း ''အဓိပတိဘွား'' ဖြစ်ချင်ခဲ့တာကိုး။
အိမ်အပြန် ညများစွာမှာ
ဘယ်သူမှ မပြောချင်တဲ့ စကားတွေပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် ''လူမိုက်'' လို့ပြန်ခေါ်ခဲ့ရတယ်။
၁၉၉၃...၁၉၉၄...
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ်လဲကျနေတယ်။
နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ..ညများ
ပိတောက်ပိုင်းဖျားမှာ..၀ပ်တွားစုရုံး
ငါ့ကို..ချည်ထုံးခဲ့တာ..
(ခုအချိန်တိုင်အောင်..
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။
(၄)
မြို့ပြင် လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယားကင်ဆာ၊အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့ကြေညာချက်ကတော့
နင့်ကိုထာဝရ ချစ်နေမယ်ဆိုတာပါပဲ။
ထိပ်ထားရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္ထ၀င်ပန်းပုရပုဒ်မှာ
နန်းသုံးအက္ခရာနဲ့ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်။
နင့်အပေါ်ထားတဲ့ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွားလင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ။
ကျောင်းရှေ့ကစံပယ်ရုံမှာ
ဗီးနပ်စ် ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ
လမင်းကလေးသာခဲ့ဖူးတယ်။
ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာ ကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ္ပတ္တိ
မြရာပင်ကြီးသိပါတယ်။
ကမ္ဘာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာဝေ ၀ါး
ပညာရှင်ကြီးများရယ်
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ်မဆုံးဖြတ်ပါနဲ့ဦး။
''ချစ်သူကိုတောင်
ချစ်တယ်လို့မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်နေရစ်ခဲ့
ထိုသို့ဖြင့် စကားမဲ့စေသတည်း''
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်းယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်။
ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်သစ္စာ
သြော် ငါ့ကိုလေ..
နားလည်ပါ..နားလည်ပါ..
နားလည်စမ်းပါ။
(၅)
အဲဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ဘယ်ဘက်လက်က
အနက်ရောင်ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကိုစီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့ ''သ'' လို့နေခဲ့ပေါ့။
ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေကပ်ပါနေရဲ့
ငါ..ဘာကိုမှ မကြောက်ခဲ့ဘူး။
ဟောဒီလောက တောက်လျှောက်
''ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုည ကမြတ်တယ်''တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။
''မင်းကကောဘာလဲ''လို့
အနန္တတွေက ၀ိုင်းမေတော့
၁..၂..၃..၄..၅..
၆..၇..၈..၉..ဝ
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက်ဂဏန်းမရှိဘူး။
သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆ၀ိညာဉ်မှာ တင်တဲ့ ကမ္ဗည်း
လကွယ်ညရောက်တိုင်း..ငါ
ဂစ်တာတီးနေမယ်။
ကျဆုံးတော့မဲ့စစ်သူရဲကအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။
ထိပ်ထားရေ
ထိပ်ထားရေ
ထိပ်ထားရေ
သစ်ခုတ်သမားတွေမရှိတဲ့တိုင်းပြည်မှာ
ငါလယ်သမားဖြစ်ချင်တယ်
နင်ဘုရင်မ လာမလုပ်ရဘူးနော်။
တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့်မပါလို့
ရွာဇနပုဒ်နဲ့မိုးရေထဲ
ငါ..တစ်ယောက်တည်း
မျက်ရည်ဝဲ နေရပါဦးမယ်။
ငါကလည်းခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့မေးလာရင်
ဒုတိယအရာကို ငါ..ငြင်းတယ်။
အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်
ကာလများစွာ ကြာပြီကောလေ..။
(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲကအခါ
တောင်ပင်လယ် ကဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။
ဟေး..ငါပြောမယ်
အက်ဆစ် တိမ်ခိုးတို့
မုတ်သုန်ကိုနှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ။
''မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ..''
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ်...။
သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကို စားတဲ့
ချောက်ချားဖွယ်စကားမဲ့ည
တစ်ခြမ်းပဲ့ လ ပဲ ဖြစ်တယ်။
အိမ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက..
မြေကိုရှိခိုး
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။
အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ..မရောက်ရောက်အောင်သွားမယ်။
ပြီးတော့..
ခရိုးခရိုင်..လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်းစာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။
အရက်သမားက
သူတစ်ပါးကိုလွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်။
လေညင်းကလေးရေ
ငါမြတ်နိုးတဲ့ ကမ္ဘာရဲ့ ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ့ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ။
လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ..ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦးနော်။
(ရ)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်..အညတရမိုး..ရေ
နေပါစေတော့..။
အဲဒီညဟာ
တစ်ခြမ်းပဲ လ က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ ည ဖြစ်တယ်။
မြက်ရိုင်းက..
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက..
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ..တို့ဝေးလိုက်ကြပါစို့။
ချစ်သူကိုမြတ်နိုးရုံနဲ့
အရာအရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု..ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်။
တေလေဘ၀ရဲ့
ပထမဆုရအမှာတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ..
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။
ထိတ်ထားရေ
ကချေသည်တို့ရဲ့တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင်ထာဝစဉ် ချမ်းမြေ့စေသား..
ကောင်းသော မိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ..
ငါ..ဆုတောင်းပေးနေမယ်..။
ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေဆိုရင်
မင်း..ငါ့ကို မေ့သွားမှာပါ။
ခုတော့..သွားတော့နော်
ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
ဘ၀ ဆိုတဲ့ မာယာနိုင်ငံအိုက
စောင့်ကြိုလို့ နေရော့မယ်..
သာမည လမ်းခွဲမှာ..
ဝမ်းမနည်းသလို ငါတို့ နှုတ်ဆက်
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ..အောင်မြင်ပါစေ..
ထိပ်ထားရေ။
-တာရာမင်းဝေ-