Friday, June 8, 2012

နေ၀င်ချိန် သူငယ်ချင်း (ဖွဲ့သီသစ်)

သတင်းဆိုးတစ်ခု
လေက ကိုက်ချီလာတယ်။
ငလင်း” ဆုံးပြီတဲ့

လူ့ဘ၀ရဲ့ သုံးချိုး တစ်ချိုးမှာပဲ
မင်းက နေကွယ်ခဲ့
မထင်မှတ်တဲ့ ကံကြမ္မာရဲ့ လက်ပြန်ရိုက်ချက်


အရာရာကို လက်တွေ့ကျချင်တဲ့မင်းက
တို့တစ်တွေကို
အသက်ပေးပြီး သင်္ခန်းစာ ပေးသွားတာလား
သိပ်ချမ်းသာချင်တဲ့ မင်း
တို့လို စိတ်ကူးယဉ်သမားတွေနဲ့
မတွေ့ဖြစ်တော့တာ မဆန်းပါဘူး

ကုန်ကားကြီးနဲ့အတူ
မင်းဘ၀ကို မောင်းထွက်သွားလိုက်တာ (10) နှစ်
ပြန်လာတော့
 ငွေအပြင် ရောဂါအသစ်ပါရလို့
ငါတော့ ဗီဇာကျပြီ သူငယ်ချင်းတဲ့
မင်း “ဟာသ” က 
ငါတို့ကို ၀မ်းနည်းစေတယ်

မင်းနဲ့ မင်းမိသားစုကို လောင်တဲ့မီး
ငါတို့ကိုပါ ကူစက်လို့
မင်းကို အုပ်ဆိုင်းထားတဲ့
မိုးသားအနက်ရောင်မှာ
မင်းမျှော်လင့်အနာဂတ်က
နောက်တစ်ရက် အသက်ရှင်ခွင့်မဟုတ်လား
သေမင်းက မင်းကို ၀ှက်ဖဲ လှန်ပြခဲ့ပြီ

အကြည့်တွေအပေါ် ငြိမနေပါနဲ့တော့ သူငယ်ချင်း

အခုလို အမှန်တရားကို တိုးလျှိုးပေါက် မြင်ရတဲ့အချိန်
ဘ၀တစ်ခုလုံး 
စာအုပ်တစ်အုပ် ပြည့်အောင် မဖတ်တဲ့မင်း
ငါ့ကို
ဘာသာတရာစာအုပ်တွေ မှာလို့
ငွေထက်အရေးကြီးတာတွေ
ရှိပါသေးလား” ဆိုတဲ့ အသိ 
မင်းအတွက် သိပ်နောက်ကျသွားခဲ့ပြီ

အဲဒီပြင်လို့မရတဲ့ အမှားထဲ
ရလိုက်တဲ့ အလင်းလေးနဲ့ပဲ
မင်းဘ၀ကူး ကောင်းပါစေတော့ သူငယ်ချင်းရယ်..............။

(သီဖွဲ့သစ်)

No comments:

Post a Comment